Friday, July 27, 2012

"ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မည့်နည်းလမ်းကောင်းများ"

၁။ သစ်သားဘီး၊ ကျွဲချို၊ နွားချိုဘီးတို့ဖြင့် နေ့စဉ်မှန်မှန် အကြိမ် (၅၀) မှ (၁၀၀) ခန့် ဦးရေပြားကို ဖိပြီးခေါင်းဖီးပေးပါက ဆံပင်အမြစ်ရှိဆံချည်မျှင် သွေးကြောများ သွေးလည်ပတ်မှုမှန်ကာ ဆံပင်ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။ ၂။ နေ့စဉ် (သို့) ၂ရက်ခြား (သို့) ၃ရက်ခြားမှန်မှန် မိမိနှင့်သင့်တော်သော ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးခြင်း၊ ခေါင်းလျှော်လျှင် ဦးရေပြားကို မကုတ်ဘဲ လက်ထိပ်ကလေးများဖြင့် နှိပ်နယ်မှုပြုကာ ခေါင်းလျှော်ပေးရပါမည်။ ၃။ အဆီချွတ်သတ္တိပြင်းသော ခေါင်းလျှော်ရည် လိုတာထက်ပိုသုံးပါက ဆံပင်များခြောက်သွေ့ကာ ဆံပင်များကျွတ်ခြင်းကြောင့် မိမိဆံပင်နှင့်သင့်တော်သော ခေါင်းလျှော်ရည်ကိုသာ စွဲစွဲမြဲမြဲလျှော်ရန်နှင့် ခေါင်းလျှော်ရည်တံဆိပ် ခဏခဏ ပြောင်းမသုံးသင့်ပါ။ ရေလောင်းခေါင်းလျှော်ခြင်း၊ ဆပ်ပြာနှင့်ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ကာ ခေါင်းလျှော်ရည်နှင့်သာ ခေါင်းလျှော်ပါ။ ၄။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ၀ိုင် အလွန်အကျွန်သောက်ခြင်းကို ရှောင်ကြဉ်ရမည်။ ၅။ စိတ်ဖိစီးမှုများခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ နေ့စဉ်သောက မအေးမချမ်းခြင်းကြောင့် ဆံပင်ကျွတ်စေသောကြောင့် မကြာခဏ အသက်ပြင်းပြင်းရှုခြင်း၊ လမ်းလျှောက်ခြင်း၊ အကြောလျှော့သော လေ့ကျင့်ခန်းပြုခြင်း၊ဦးရေပြားကို လက်ထိပ်ကလေးများဖြင့် နှိပ်ခြင်းများကို နေ့စဉ်ပြုလုပ်ပေးသင့်သည်။ ၆။ ဆံပင်ကောက်ဆေးရည်သည် ဆံပင်ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေသည်။ ဆံပင်ကောက်ခြင်းကို အကြိမ်များစွာမပြုလုပ်သင့်ပေ။ လေပူမှုတ်ခြင်းသည် ဆံပင်အရင်းအမြစ်ကို ပျက်စီးစေခြင်းကြောင့် ရှောင်ကြဉ်သင့်သည်။ ၇။ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ နှင့် သစ်သီး များများ စားသင့်သည်။ အသီးအရွက် စားခြင်းနည်းပါက ၀မ်းချုပ်စေပြီး သွေးရည်ကို ညစ်စေကာ ဆံပင် ကျန်းမာရေးကို ထိခိုက်စေသည်။ လိပ်ခေါင်းရောဂါကြောင့် ခေါင်းအလယ်ထိပ်ပိုင်းဆံပင် မြန်မြန်ကျွတ်တတ်သောကြောင့် လိပ်ခေါင်းရောဂါကို အမြန်ကုသရမည်။ ၈။ မိမိအသုံးပြုသော အိမ်နှင့်ရုံးခန်းသည် စိုထိုင်းမှုကင်းဝေးခြင်း နှင့် လေကောင်းလေသန့်ကောင်းခြင်း တို့ဖြစ်စေရန် အထူးဂရုစိုက်စီမံထားရမည်။

No comments:

Post a Comment